Pages

Monday, February 7, 2011

မဟာမြတ်မုနိ ဘုရားပုံတော်နှင့် ဘုရားရှိခိုး













မဟာမြတ်မုနိ ဘုရားရှိခိုး

မင်္ဂလာအောင်စည် ၊ ဆော်ရွမ်းလည်သား ၊ ရွှေပြည်မဏ္ဍိုင် ၊ ကြံ့ကြံ့ခိုင်၍ ၊ ထုံကြိုင်ဆန်းတင့် ၊ ဖြိုးဖြိုးမြင့်လျက် ၊ ထွန်းလင်းရောင်ရှိန် ၊ ၀င်းဝင်းထိန်သား ၊ အာလိန်မြရိပ် ၊ မြင်းမိုရ်ထိပ်ဝယ် ၊ ဒိဗ္ဗဿရ ၊ ၀ါသ၀ဟု ၊ သက္ကစံရာ ၊ ၀တိံသာသို့ ၊ သိင်္ဂါရစ်ခွေ ၊ လျှမ်းလျှမ်းဝေသည် ၊ ပြည်ရွှေအမတ ၊ နိဗ္ဗာနသို့ ၊ ပဋ္ဌမဘုန်းဟေ့ ၊ ဘူပတေ့၏ အိမ်ရှေ့ဥပရာဇ် ၊ စောရန်လှသည် ၊ သက္ကရာဇ်ထောင်ဝယ် ၊ တစ်ရာဆွယ်၍ ၊ လေးဆယ်နှင့်ခြောက် ၊ အခါမြောက်တွင် ၊ ထိန်တောက်ဝေဆာ ၊ ပြည်ဓညာမှ ၊ မဟာမုနိ ၊ မာရဇိကို ၊ ပင့်ချီကြွလာ ၊ ကိန်းအောင်းရှာ၏ ၊ မြတ်စွာဘုန်းကြွယ် ၊ အံ့ဩဘွယ်ကား ၊ ရှေ့ဝယ်ရေဖျန်း ၊ မဖြတ်သန်းတည်း ၊ မျက်ကန်းပမာ ၊ လူမိစ္ဆာတို့ ၊ ရှေ့မှာမှောက်ခို ၊ မျက်တော်ညို၏ ၊ ထိုလူအများ ၊ မရှိငြားမှ ၊ ဆင့်ပွားရောင်ဝါ ၊ ကွန့်မြူးလာခဲ့ ၊ သဒ္ဒါကြီးသူ ၊ ပူဇော်မူကား ၊ လျှံလူတန်ခိုး ၊ တက်၍တိုး၏ ၊ မိုဃ်းဝလာပြင် ၊ ထက်ကောင်းကင်သို့ ၊ လေတွင်ပျော်ပါး ၊ ငှက်အများတို့ ၊ ဘုရားထက်မွန့် ၊ မပျံဝံ့တည့် ၊ ပတ်လုံးတေဇော် ၊ ရှေ့မှောက်တော်၌ ၊ ပျက်ချော်မုသား ၊ ကျိန်တွယ်ငြားက ၊ ထင်ရှားအမှန် ၊ သွေးပွက်အန်ခဲ့ ၊ သဏ္ဌာန်တူအောင် ၊ သွန်းလုပ်ဆောင်အံ့ ၊ ရှည်ယောင်ပြုငြား ၊ ထိုဘုရားသည် ၊ ပျက်ပြားမုချ ၊ ဖြစ်လာရ၏ ၊ တေဇတက်ကြွား ၊ ဤဘုရားနှင့် ၊ မခြားလျှံလူ ၊ တန်ခိုးတူဟု ၊ ယှဉ်မှုမကြာ ၊ ကွဲအက်ရှာခဲ့ ၊ မြတ်စွာပရမေ့ ၊ ပူဇော်လေ့ဖြင့် ၊ နေ့ရှိသမျှ ၊ ရွှေမွမ်းချလည်း ၊ ဖူးရတင့်တယ် ၊ လွန်သပ္ပါယ်၏ ၊ အံ့ဘွယ်ကိုးအင် ၊ တန်ခိုးထင်၍ ၊ လူရှင်တတွေ ၊ ပန်းဝေေ၀နှင့် ၊ သပြေစိုက်ထိုး ၊ ညောင်ရေအိုးဝယ် ၊ မညှိုးယခင် ၊ လန်းလန်းဆင်လျက် ၊ ကြည်ရွှင်ဝမ်းသာ ၊ စေတနာဖြင့် ၊ သဒ္ဓါရဲရဲ ၊ ဆွမ်းတော်ပွဲကို ၊ အမြဲသန့်စင် ၊ ထိပ်ထက်တင်လျက် ၊ နေ၀င်တချက် ၊ အရုဏ်တက်တွင် ၊ ဆော်နှက်စီညံ ၊ ခေါင်းလောင်းသံလည်း ၊ မိုဃ်းယံငြိမ့်ငြိမ့် ၊ တိုင်းလုံးစိမ့်မျှ ၊ နှစ်သိမ့်လှစွာ ၊ ဘုန်းတေဇာနှင့် ၊ မဟာမုနိ ၊ တုမရှိကို ၊ ဦးထိပဒုံ ၊ ဆယ်ပန်းငုံဖြင့် ၊ ကြည်ယုံထိပ်ပန် ၊ အဓိဋ္ဌာန်သည် ၊ နိဗ္ဗာန်ရောက်ရပါလိုသော ၊ မြတ်ရှင်စော ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။

ဘုရားရှိခိုးအမျိုးမျိုး မူဟောင်းနှင့် ၀တ်ရွတ်စဉ် မှ

No comments:

Related Posts Plugin for WordPress, Blogger...