Pages

Friday, February 26, 2016

ဘုန်းဘုရားကြီး ဦးပေါက်ဆိန် ( ခေါ် ) ဦးဝိဇ္ဇာဓရ အရှင်သူမြတ်ကြီး၏ ပုတီးစိပ်နည်း ၄ မျိုး



ဘုန်းဘုရားကြီး ဦးပေါက်ဆိန် ( ခေါ် ) ဦးဝိဇ္ဇာဓရ အရှင်သူမြတ်ကြီး၏ ပုတီးစိပ်နည်း ၄ မျိုး

၁ ။ အရဟံ ဗုဒ္ဓေါ ဓမ္မော သံဃော  ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

၂ ။ အရဟံ ဘဂဝါ မေ သိဒ္ဓိ        ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

၃ ။ ဩောင်း နမော ဗုဒ္ဓဿ အရဟံ ဣစ္ဆာသယံ
     အကာလိကော မေ သိဒ္ဓိ       ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

၎ ။ အနုပ္ပါဒိသေသ ၊ အသမ္ဘိန္န နိဗ္ဗာနံ ဓနံ သိဒ္ဓိမံ ။ ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

  မိမိတို့ လိုအင်ဆန္ဒများ စည်းစိမ်ချမ်းသာ ရာထူးဂုဏ်ထူး ငွေကြေး အစရှိသည်များကို အမြန်ဆုံး ပွင့်လာ၍ အလိုရှိသည့်အတိုင်း ပြည့်စုံလိုလျှင် ( ၁ ) သီလပါရမီ   ( ၂ ) အဓိဋ္ဌာန်ပါရမီ  ( ၃ ) သစ္စာပါရမီများကို ဖြည့်ကျင့်ခြင်းဖြင့် ပြည့်စုံလာပေမည် ။


အဓိဋ္ဌာန် မဝင်မီ ပြုဖွယ်ရာ ကိစ္စများ

၁ ။ ဗုဒ္ဓဘုရားရှင်အား ရှိခိုးပူဇော်ကန်တော့၍ ဗုဒ္ဓဘုရားရှင်၏ မေတ္တာဓာတ်ခံယူခြင်း ။

       ဗုဒ္ဓဆင်းတုတော် တစ်ဆူဆူရှေ့တွင် ထိုင်ပြီးနောက် အောက်ပါအတိုင်း ရွတ်ဆို ပူဇော်ကာ ရတနာသုံးပါးတို့ထံမှ မေတ္တာခံယူပါ ။
      
       တရားပိုင်ရှင် ဖြစ်တော်မူသော အနန္တကျေးဇူးရှင် ဖြစ်တော်မူသော အရဟံအစ ဘဂဝါ အဆုံး ( ၉ ) ပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော အာသာဓာရဏ ဉာဏ်တော် ( ၆ ) ပါး ၊ အာဝေဏိက ဂုဏ်တော် ( ၁၈ ) ပါးတို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော ( ဂေါတမ ) ဘုရားရှင်အား သက်ရှိထင်ရှားအဖြစ် ရည်မှတ်၍ ဘုရားတပည့်တော် -

  ( ၁ )  ကိုးကွယ်ပါ၏ ဆည်းကပ်ပါ၏
  ( ၂ )  ရိုသေပါ၏ လေးစားပါ၏
  ( ၃ )  ကြည်ညိုပါ၏ မြတ်နိုးပါ၏
  ( ၄ )  ယုံကြည်ပါ၏ အားထားပါ၏
  ( ၅ )  ရှိခိုးပါ၏ ဦးညွှတ်ပါ၏
  ( ၆ )  ခြေတော်အစုံကို ဦးခိုက်၍ ကန်တော့ပါ၏ အရှင်ဘုရား ။  ။

       ဗုဒ္ဓဘုရားရှင်၏ အလွန်တရာ အေးမြလှစွာသော မေတ္တာတော်မြတ်ကို ဘုရားတပည့်တော် ရိုသေစွာ ခံယူပါ၏ အရှင်ဘုရား ။

       ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့ပြီးသော ဓမ္မက္ခန္ဓာပေါင်း ( ၈၄၀၀၀ ) ပိဋကတ် ( ၃ ) ပုံ ၊ နိကာယ် ( ၅ ) ရပ် ၊ မဂ် ( ၄ ) တန် ၊ ဖိုလ် ( ၄ ) တန် ၊ နိဗ္ဗာန်ပရိယတ်ဟု ဆိုအပ်သော ဓမ္မံ တရားတော်မြတ်ကို ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား ။

        ( ဂေါတမ ) ဘုရားရှင်၏ သာသနာတော်အတွင်း၌ ရဟန်းပြုခဲ့ကြပြီးသော သမ္မုတိ သံဃာတော် အရှင်မြတ်ကြီးများနှင့်တကွ မဂ္ဂဋ္ဌာန် ( ၄ ) ပါး ၊ ဖလဋ္ဌာန် ( ၄ ) ပါး ( ၈ ) ပါးသော အရိယာသံဃာတော်မြတ်ကြီးများကို ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား ။

၂ ။ ဗုဒ္ဓဘုရားရှင်ထံ ငါးပါးသီလ ခံယူဆောက်တည်ခြင်း ။

        ဩကာသမှ စ၍ ရှိခိုးပါ ။ ပြီးလျှင် ငါးပါးသီလတော်မြတ်ကို ခံယူပါ ။

၃ ။ ဗုဒ္ဓဘုရားရှင် ရှေ့မှောက်၌ သစ္စာအဓိဋ္ဌာန်ပြုခြင်း ။
       ဗုဒ္ဓမြတ်စွာဘုရား -
       ဘုရားတပည့်တော်သည် ( အရဟံ ဗုဒ္ဓေါ ၊ ဓမ္မော ၊ သံဃော ) ဂါထာကို တစ်ရက်လျှင် ပုတီး ( ၉ ) ပတ်တိတိ ယနေ့မှ စ၍ ကိုးရက်တိုင်တိုင် မပျက်မကွက် စိပ်ပါမည်ဟူ၍ သစ္စာ အဓိဋ္ဌာန် ပြုပါသည်ဘုရား ။

 (မှတ်ချက် - “ အရဟံ ဗုဒ္ဓေါ ဓမ္မော သံဃော ” ဂါထာနေရာတွင် အခြား ဂါထာသုံးခုကို ထည့်သွင်းနိုင်သည် ။ ပုတီးပတ်ရေနှင့် ပုတီးစိပ်မည့် ရက် ကာလ အပိုင်းအခြားကိုလည်း ၉  ၊ ၁၈ ၊ ၂၇ စသဖြင့် ထည့်သွင်းနိုင်ပါသည် ။ )



ဘုန်းဘုရားကြီး ဦးပေါက်ဆိန်အား ပူဇော်ကန်တော့၍ မေတ္တာဓာတ် ခံယူခြင်း ။

၁ ။ ဘုန်းဘုရားကြီး ဓာတ်နန်း ( သို့မဟုတ် ) ဘုန်းဘုရားကြီး ရုပ်တု ( သို့မဟုတ် ) ပုံတော်ရှေ့တွင် နေရာယူပြီးနောက် အောက်ပါ ဘုန်းဘုရားကြီး ကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ပါ ။

       သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ ပရိယတ္တိဂုဏ် ၊ သိဒ္ဓိ ( ၁၀ ) ပါး ၊ ဝိဇ္ဇာဉာဏ် ( ၆ ) ပါး ၊ သံဃာ့ဂုဏ်တော် ( ၉ ) ပါးနှင့် ပြည့်စုံတော်မူသော မြန်မာပြည် အနှံ့အပြား၌ ဘုရားစေတီပေါင်း များစွာ တည်ထား ပြုပြင် ကုသိုလ် ပြုတော်မူခဲ့သော ပေါက်စေတီကျောင်းတိုက် ၊ အောင်မင်္ဂလာသိဒ္ဓိကျောင်းတိုက်ကြီးများ၏ အဓိပတိ ဖြစ်တော်မူသော တပည့်သာဝက ၊ သား ၊ သမီး ၊ မြေး ၊ မြစ် ခုနစ်ရက် သားသမီးများကို စောင့်ရှောက်တော်မူသော ဦးပေါက်ဆိန် ( ခေါ် ) ဦးဝိဇ္ဇာဓရ အမည်ရသော ဆရာတော် အရှင်သူမြတ်အား ဘုရားတပည့်တော် ကာယကံ ၊ ဝစီကံ ၊ မနောကံဖြင့် ရိုသေလေးမြတ် လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား ။
        ဘုရားတပည့်တော်အား ဆရာတော်ဘုရားကြီး၏ ဘုန်းရိပ် ၊ ကံရိပ် ၊ မေတ္တာရိပ်များမှာ ခိုလှုံခွင့် ပြုပါ အရှင်ဘုရား ။
        ဆရာတော်ဘုရားကြီး၏ အလွန်တရာ အေးမြလှသော မေတ္တာတော်မြတ်ကို ဘုရားတပည့်တော် ခံယူပါ၏ အရှင်ဘုရား ။ ဘုရားတပည့်တော်အား သားရင်း ၊ မြေးရင်း ၊ တပည့်ရင်းကဲ့သို့ မှတ်ယူတော်မူပါ စောင့်ရှောက်တော်မူပါ ဘုရား ။

၂ ။ ဘုန်းဘုရားကြီးထံ ငါးပါးသီလ ခံယူဆောက်တည်ပါ ။

၃ ။ ဘုန်းဘုရားကြီး ဦးပေါက်ဆိန် ထံမှောက်၌ သစ္စာအဓိဋ္ဌာန်ပြုခြင်း ။

       ဘုန်းဘုရားကြီး ဦးပေါက်ဆိန်ဘုရား -
       ဘုရားတပည့်တော်သည် ( အရဟံ ဗုဒ္ဓေါ ၊ ဓမ္မော ၊ သံဃော ) ဂါထာကို တစ်ရက်လျှင် ပုတီး ( ၉ ) ပတ်တိတိ ယနေ့မှ စ၍ ( ၉ )ရက်တိုင်တိုင် မပျက်မကွက် စိပ်ပါမည်ဟူ၍ သစ္စာ အဓိဋ္ဌာန် ပြုပါသည် ။

၎ ။ အဓိဋ္ဌာန်ပြုထားသည့်အတိုင်း အောင်မြင်ပြီးမြောက်အောင် စိပ်ပါ ။

   ပုတီးမစိပ်မီ ခင်ပွန်းကြီး ( ၁၀ )ပါးအား ဝန်ချ ကန်တော့ တောင်းပန်ခြင်း ။

       ဘုရားတပည့်တော်သည် အနမတဂ္ဂ ဘဝသံသရာအဆက်ဆက်မှ စ၍ ယခုဘဝ ယနေ့တိုင်အောင် မပြစ်မှားထိုက် ၊ မပြစ်မှားအပ်သော ရတနာသုံးပါး ၊ အနန္တောအနန္တ ငါးပါး ၊ ခင်ပွန်းကြီး ဆယ်ပါးတို့ အပေါ်၌ ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ပြစ်မှား ကျူးလွန်ခဲ့မိသော အပြစ်များကို -
       ရှိခိုးပါ၏ ။ ကန်တော့ပါ၏ ဝန်ချတောင်းပန်ပါ၏ ။
       ဘုရားတပည့်တော်အား ခွင့်လွှတ်တော်မူကြပါ ၊ သည်းခံတော်မူကြပါ ။ ကျေအေးတော်မူကြပါ ။
       ( မှတ်ချက် - ပုတီးစိပ်တိုင်း မမေ့မလျော့ဘဲ အမြဲဝန်ချတောင်းပန်ခြင်း ပြုလုပ်ပါ ။ )

ပုတီးမစိပ်မီ ဘုရားပင့်ခြင်း
      ဘုရားတပည့်တော်သည် ဗုဒ္ဓဘုရားရှင်အား သက်ရှိထင်ရှားအဖြစ် ရည်မှတ်၍ ယခုအချိန်မှ စ၍ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော် ၊ ဂါတော်များကို ရိုသေစွာပွားများ ပူဇော်မည်ဖြစ်ပါ၍ တရားပိုင်ရှင် ဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားတပည့်တော်၏ ဦးခေါင်းထက်၌ လည်းကောင်း ၊ လက်ဝဲလက်ယာ ပခုံးထက်၌လည်းကောင်း ၊ ( ဟဒယ ဝတ္ထု ) နှလုံးသား၌ လည်းကောင်း ၊ ကြွရောက်တည်နေ သီတင်းသုံးတော်မူပါ ။

ပွားများ ပူဇော်ခဲ့သော ဂုဏ်တော် ဂါထာတော်များကို စုဆောင်းသိမ်းဆည်းခြင်း ။
      လောကတွင် ရှာဖွေ ရရှိသော ပစ္စည်းဥစ္စာ ရတနာများကို ရန်သူမျိုးငါးပါး ဘေးမှ ကင်းဝေးစေ၍ အလိုရှိသောအခါတွင် ထုတ်ယူသုံးစွဲနိုင်ရန် လုံခြုံသော နေရာ ၊ ဘဏ်တိုက်ကြီးများ၌ သိမ်းဆည်းထားသကဲ့သို့ မိမိပူဇော်ခဲ့သော ဂုဏ်တော် ၊ ဂါထာတော်များကိုလည်း အစဉ်ထာဝရ မပျောက်မပျက်ရလေအောင် အောက်ပါအတိုင်း သိမ်းဆည်း စုဆောင်းနိုင်ပါသည် ။

         “ ဘုရားတပည့်တော်သည် ဤပုတီးဖြင့် ယခုအခါ ပွားများ ပူဇော်ပြီးစီးခဲ့သော ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော် ၊ ဂါထာတော်များသည် ဘုရားတပည့်တော်၏ -

  ( ၁ ) ဦးခေါင်းထက်၌ လည်းကောင်း ၊
  ( ၂ ) လက်ဝဲလက်ယာ ပခုံးထက်၌ လည်းကောင်း ၊
  ( ၃ ) အသိစိတ် အသိဉာဏ် မနောဓာတ်၌ လည်းကောင်း ၊
  ( ၄ ) စက္ခု သောတ ဃာန ဇိဝှာ ကာယ မနော ( ၆ ) ဒွါရတို့၌ ဓမ္မ စေတီကြီးကဲ့သို့ လည်းကောင်း ၊ ဓမ္မ ဘဏ်တိုက်ကြီးများကဲ့သို့ လည်းကောင်း အစဉ်ထာဝရ မပျောက်မပျက် ကိန်းအောင်း ပျံ့နှံ့ တည်နေပါစေသတည်း ။  ။


အဓိဋ္ဌာန် ရက်စေ့၍ ပြီးမြောက်သောအခါ သစ္စာသုံးချက်ဖြင့် ချုပ်၍ လိုရာဆု တစ်ခု တောင်းခြင်း ။

      ဘုရားတပည့်တော်သည် ဗုဒ္ဓဘုရားရှင်၏ ထံတော်မှောက်၌ သစ္စာအဓိဋ္ဌာန် ပြုထားသည့်အတိုင်း ကြိုးစား၍ အဓိဋ္ဌာန် ဝင်ခဲ့သည်မှာ ( - ) ကြိမ် ပြီးမြောက်ခဲ့ပါသည် အရှင်ဘုရား ။ အောင်မြင်ပြီးစီးခဲ့ပါသည် ဘုရား ။

   ( ၁ ) ဤသို့ ဟုတ်တိုင်းမှန်စွာ ပြောဆိုရသော သစ္စာစကားကြောင့် လည်းကောင်း ၊
   ( ၂ ) ဤသစ္စာ မှန်ခဲ့လျှင်သော် လည်းကောင်း ၊
   ( ၃ ) ဤသစ္စာတရား၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့် လည်းကောင်း ။

      ဘုရားတပည့်တော် လိုလားတောင့်တသော ( - ) ကိစ္စသည် အခက်အခဲမရှိ အောင်မြင်ပါစေသတည်း ။

  ( မှတ်ချက် - အဓိဋ္ဌာန် တစ်ခု ပြီးတိုင်း လိုရာဆု တောင်းနိုင်သည် ။ အဓိဋ္ဌာန် ဝင်ခဲ့သော နေ့ ၊ ရက် စုစုပေါင်း မည်သည့် အဓိဋ္ဌာန်ကို ဝင်ခဲ့သည် ။ ဘယ်နှကြိမ် ပြီးစီးခဲ့သည်ကို မေ့ပျောက်မသွားရအောင် စာရင်းပြုစု မှတ်တမ်းတင်ထားပါ ။ ပြီးစီးခဲ့သော အကြိမ်ပေါင်းသည် သစ္စာဆိုရာ၌ အလွန် အရေးကြီးပါသည် ။
        အဓိဋ္ဌာန် ဝင်ရာတွင် ( ၉ ) ရက်မှ စတင်သင့်သည် ။ ထိုမှ တစ်ဆင့် ( ၁၈ ) ရက် ၊ ( ၂၇ ) ရက် စသဖြင့် ( ၁၀၈ ) ရက်ထိအောင် တစ်ဆင့်ပြီးတစ်ဆင့် တိုးနိုင်သည် ။


ပုတီးစိပ်ပြီးသောအခါ ၂၇ လုံး ပုတီးဖြင့် အကျဉ်းချုပ်မေတ္တာပို့ခြင်း ။
       အရပ်လေးမျက်နှာ ၊ အရပ်ရှစ်မျက်နှာ ၊ အရပ်ဆယ်မျက်နှာ ၊ အနန္တစကြဝဠာ၌ ရှိကြကုန်သော အရိယာအပေါင်း ၊ နတ်ဗြဟ္မာအပေါင်း ၊ ဝိဇ္ဇာအပေါင်း ၊ ရုပ်နာမ်ခန္ဓာ ရှိကြကုန်သော သတ္တဝါအပေါင်းတို့သည် -

   ( ၁ ) ဘေးရန် ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ။
   ( ၂ ) စိုးရိမ်သောက ကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ ။
   ( ၃ ) အနာရောဂါ ကင်း၍ စားဝတ်နေရေး ပြည့်စုံပါစေ ။
   ( ၄ ) ဒုက္ခဆင်းရဲ ကင်း၍ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။

       အထက်ပါ လေးမျိုးကို တစ်မျိုးလျှင် ( ၂၇ ) ကြိမ် မေတ္တာပို့ရမည် ဖြစ်ပါသည် ။


 Pg - 80
 ဘုန်းဘုရားကြီး ဦးပေါက်ဆိန်၏ သာသနာပြု ခရီးလမ်းနှင့် အံ့ဖွယ်ဖြစ်ရပ်များ စာအုပ်မှ
  အောင်ဩဘာ B.Sc ( Geology )

Related Posts Plugin for WordPress, Blogger...