Pages

Tuesday, December 26, 2017

ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း


ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း

 

၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန် ၊

၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊ 

     ဖတ်ရိုး စ - သတ်သံ ။

၃ ။ သဝေလည်းထိုး ၊ န - သတ်မျိုး ၊ 

     ဖတ်ရိုး င - သတ်သံ ။

၎ ။ သဝေရေးချ ၊ သတ်မြင်က ၊

     မှတ်ကြ ဝ - ဆွဲသံ ။

၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊

     နှစ်ဝတာဝန် ၊ ကျေပွန်စေရန် ၊

     အသံ အသတ် ယူမြဲမှတ် ။

 

၁ ။ အဓိပ္ပာယ်မှာ - အက္ခရာ ၂ - လုံးဆင့် တွေ့လျှင် အပေါ်တွင်ရှိသော အထက် အက္ခရာကို အသတ်တင်၍ ဖတ် ၊ အသံ သေပြီ ၊ ရှေ့အက္ခရာနှင့် တွဲ၍ ဖတ်ရမည် ။ 

 ဥပမာ - သမန္တာ = သမန်တာ

 

၂ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့် တွဲသော တ - သတ်ကို စ သတ်အသံ ထွက်၍ ဖတ်ရမည် ။

ဥပမာ - မေတ္တာ = မေတ်တာ ( မစ်တာ ဟု ဖတ် ) 

 မှတ်ချက် ။ ။ သဝေထိုးကို ပါဠိ၌ ဧ - သရဟုခေါ်သည် ။

 

၃ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့်တွဲသော န - သတ်ကို င သတ် အသံထွက်၍ ဖတ်ရမည် ။

ဥပမာ - ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ဟု ဖတ် )

 

၎ ။ အဓိပ္ပာယ်မှာ - သဝေထိုးရေးချကို ဝဆွဲသံထွက်၍ ဖတ်ရမည် ။

ဥပမာ - ဟောန္တု = ဟောန်တု ( ဟွန်တု ဟု ဖတ် ) 

  မှတ်ချက် ။  ။ သဝေထိုးရေးချကို ပါဠိ၌ ဩ - သရ ဟု ခေါ်သည် ။

 

၅ ။ အဓိပ္ပာယ်မှာ - ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့် တွဲသော အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလအသံလည်း ထွက်ရသည် ။

ဥပမာ - အမှ = အမ်မှ

 

ဤ ပြယုဂ်တို့၌ ဟထိုးနှင့် တွဲသော မ ၊ ဏ ၊ န - အက္ခရာတို့သည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလဗျည်း အသံလည်း ထွက်ရမည် ၊ အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။ 

 

သကျ  = သက်ကျ

ဤ ပြယုဂ်တို့၌ ယပင့်နှင့် တွဲသော  က နှင့် သ တို့သည် အသတ်နှင့် အသံ တာဝန် - ၂ မျိုးကို ယူထားသည် ။ 

 

စကြာ  =  စက်ကြာ 

ဤ ပြယုဂ်တို့၌ ရရစ်နှင့် တွဲသော က နှင့် တ အက္ခရာတို့သည် အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။

 

ကတွာ  =  ကတ်တဝါ

ဤ ပြယုဂ်တို့၌ ဝ - ဆွဲနှင့် တွဲသော တ - အက္ခရာတို့သည် အသတ်နှင့် အသံ ၂ - မျိုးကို ယူထားသည် ။

         မှတ်ချက် ။  ။ ဟထိုးသည် ဟ ၊ ယပင့်သည် ယ ၊ ရရစ်သည် ရကောက် ၊ ဝဆွဲသည် ဝ - အက္ခရာ၏ ကိုယ်စားလှယ်ဟု အသီးသီးမှတ် ။

 

ပါရမီ ဘုရားရှိခိုး အမျိုးမျိုးနှင့် ဝတ်ရွတ်စဉ် စာအုပ်မှ -

မြတ်စွာဘုရား ဥဒါန်းကျူးရင့်တော်မူခြင်း ဂါထာ


မြတ်စွာဘုရား ဥဒါန်းကျူးရင့်တော်မူခြင်းဂါထာ

 

         ၁ ။ အနေကဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ။

         ၂ ။ ဂဟကာရ ဂဝေသန္တော ၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ ။

၃ ။ ဂဟကာရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ ။

၎ ။ သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကုဋံ ဝိသင်္ခတံ ။

၅ ။ ဝိသင်္ခါရ ဂတံ စိတ္တံ ၊ တဏှာနံ ခယ မဇ္ဈဂါ ။

 

  ယသ္မာ - အကြင်အကြောင်းကြောင့် ၊ ပုနပ္ပုနံ - အဖန်တလဲလဲ ၊ ဇာတိ - ပဋိသန္ဓေနေရခြင်းသည် ၊ ဒုက္ခာ - ပင်ပန်းဆင်းရဲ ငြိုငြင်ခြင်း ဖြစ်ရပေ၏ ။ တသ္မာ - ထိုသို့ ဆင်းရဲခြင်း ဖြစ်ရသည့် အကြောင်းကြောင့် ၊ ဂဟကာရံ - ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်၍ လာသော တဏှာ ယောက်ျား သင်လက်သမားကို ၊ ဂဝေသန္တော -  ဉာဏ်ဖြင့် မွှေ၍ ရှာဖွေအပ်သော ငါသည် ၊ အနိဗ္ဗိသံ အနိဗ္ဗိသန္တော - သင့်ကို မြင်နိုင်ဉာဏ်မဏ္ဍိုင်ကို မပိုင်ရသေးသောကြောင့်သာလျှင် ၊ အနေကဇာတိ သံသာရံ - ဘဝများစွာ သံသရာကာလပတ်လုံး ၊ သန္ဓာဝိဿံ - သံသရာ၌ ကျင်လည်၍ ပြေးခဲ့ရလေပြီ ။ ဂဟကာရက - ခန္ဓာအိမ်ကို အကြိမ်များစွာ ဆောက်လုပ်လာသော တဏှာယောက်ျား လက်သမား ၊ တွံ - သင် , တဏှာယောက်ျားကို ၊ ဒိဌော - ပညာစက္ခု သဗ္ဗညုဖြင့် ယခုငါသည် မြင်အပ်ပြီးသော သူသည် ၊ အသိ - ဖြစ်၏ ။ ပုန - တဖန် ၊ ဂေဟံ - အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို ၊ န ကာဟသိ - သင်မပြုလုပ်ရတော့ လတ္တံ့ ။ တေ - တဏှာယောက်ျား သင်လက်သမား၏ ၊ သဗ္ဗာ - ခပ်သိမ်းကုန်သော ၊ ဖာသုကာ - ကိလေသာတည်းဟူသော အိမ်၏ အခြင်တို့ကို ၊ ဘဂ္ဂါ - ငါသည် ချိုးဖျက် အပ်ကုန်ပြီ ။ ဂဟကုဋံ - အဝိဇ္ဇာတည်းဟူသော အိမ်၏ အထွတ်တို့ကို ၊ ဝိသင်္ခတံ - ဖျက်ဆီးအပ်ကုန်ပြီ ။ မေ - ငါ၏ ၊ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရံ - ပြုခြင်းကင်းသော နိဗ္ဗာန်သို့ ၊ ဂတံ - အာရုံပြုသောအားဖြင့် ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ  - ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်သို့ ၊ အဇ္ဈဂါ - ရောက်လေပြီ ။

  

     တဏှာ၏ ကုန်ရာဖြစ်သော ဝိပဿနာတရားတို့ကို ပွားများအားထုတ်ကြနိုင်ပါစေသောဝ် …. ။


 မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာတပရိညာ စာအုပ်မှ ကူးယူဖော်ပြပါသည် ။


Wednesday, December 20, 2017

စွန်းလွန်းဆရာတော်ဘုရားကြီး၏
ထေရုပ္ပတ္တိအကျယ်
တရားတော်များစာအုပ်မှ 

သားလေး ၂ ယောက်မွေးနေ့များအတွက် 
အမှတ်တရ ဒါန

စာအုပ်ကူးယူရန် link ပါ















Related Posts Plugin for WordPress, Blogger...