Tuesday, November 30, 2010
မောင်သွေးချွန်(ဘ၀ကြမ်းမှဓမ္မလမ်းသို့)အညွှန်း
စာရေးဆရာ မောင်သွေးချွန်သည် သာသနာတော် ၂၅၀၀ ကျော်လာသော ယနေ့ခေတ် အခါ၌ ကိလေသာ အားကြီးကြကုန်လျက် တရားဓမ္မဘက်၌ အားပျော့လာချင်ကြသော လူအများတို့သည် စာမတတ်တာ လှည့်ချ ၊ ပါရမီ နုသေးလို့ပါ နွဲ့ပြနှင့် ဘ၀များစွာအတွက် အကျနာလှကြောင်း ၊ " တုံးအောက်က ဖားတမျှ " နိမ့်ကျလှသော ဘ၀မျိုးမှ တရားဓမ္မကို အရယူနိုင်ကြောင်းကိုပင် ယူပြ ပေးဝေငှခဲ့ပါသော အရှင်သူမြတ် နှစ်ပါး၏ နိဗ္ဗာန်ရောက်ကြောင်း တရားများဖြင့် လမ်းညွှန်ပြသပေးခဲ့ပါသည်။
ပဋိပတ္တိသာသနာသမိုင်းတွင် အထင်ကရ ဖြစ်တော်မူသော " စွန်းလွန်း ဆရာတော်ဘုရားကြီး " ဆိုလျှင် စာပေမတတ် သာမန် အညတရ မင်းစေဘ၀ လယ်သမားဘ၀မှ ဓမ္မလမ်းပေါ်သို့ စွမ်းစွမ်းတမံ ပေါက်ရောက်ခဲ့ကာ ရဟန္တာဟု ကျော်ကြားတော်မူခဲ့ပါသည်။
' မြင်- မြင်တယ် ' ' ကြား- ကြားတယ် ' ' နံ- နံတယ် ' ဟု ထင်ရှားရာတိုင်းကို ပေါ်လာတိုင်း ရှုမှတ်သော သတိတစ်လုံးဖြင့် အဆုံးနိဗ္ဗာန် ၀င်ကြရသည်။ မြတ်စွာဘုရားရှင် လက်ထက်တော်က သာဝတ္ထိပြည်သူ ပြည်သားများသည် လူဝတ်ကြောင်ဘ၀ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်ခဲ့ကြခြင်းသည် မြင်ရာ ၊ ကြားရာ ၊ စားရာ ၊ ထိတွေ့ရာတိုင်းမှာ သတိမကွာ အသိပါခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ဆရာတော် ဦးပဏ္ဍိတက " သူဟာ အသက်ငါးဆယ်ကျော်လောက်မှ လောကီမှာ အားကိုးစရာ မရှိလို့ လောကုတ္တရာကို နှလုံးသွင်းပြီးတော့ အနတ္တတရားကို ရှာခဲ့တာပါ ။ ကိုယ်ဖြစ်နေတာ အတ္တ ၊ အတ္တဆိုတာ စာလိုပြောတာ ၊ အဓိပ္ပာယ်က အစွဲ ၊ ငါ -မြင်တယ် ၊ ငါ - ကြားတယ် ၊ ငါ့ မိန်းမ ၊ ငါ့ သား ၊ ငါ့ လင် ၊ ငါ့ သမီး ဆိုတာ အတ္တတွေက မှတ်သားထားတဲ့ အစွဲ ၊ သညာလို့လည်း ခေါ်တယ် ။ "
" သံသရာ ဘယ်က စလဲ " ကာယကံ ၊ ၀စီကံ ၊ မနောကံ မှာ မနောကံက စ-တယ်။ " သံသရာ ဘယ်မှာ ဆုံးသလဲ " မနောကံမှာ ဆုံးတယ် ၊ ပြတ်တယ် ၊ နိဗ္ဗာန်သည် ခန္ဓာမှာ စ တယ် ။ ( ၀ိပဿနာ တရားများကို စတင် ရှုမှတ်ရတယ် ။ ) ခန္ဓာမှာ ဆုံးတယ် ။ သီလမှာ ချုပ်တယ် ။
ကိုယ်လုပ်တဲ့ အလုပ် ကိုယ်သိရမယ် ။ ကိုယ်လုပ်တဲ့ အလုပ်မှာ အသီးတစ်ရာ အညှာတစ်ခုတဲ့ ။ အသီးတွေ တစ်လုံးချင်း လျှောက်ဖြုတ်နေရင် ကြာတယ် ။ အညှာကိုသာ ဖြုတ်ချလိုက် ၊ အသီးတွေ အကုန်ပါတာပဲ ။ အတွင်းစိတ် မနောလေးဟာ အညှာပဲ ။ စိတ်အညှာ မနောကံ ကိုင်လိုက်ရင် ကာယကံ ၊ ၀စီကံ ( အပြင်သီလတွေ ) အကုန်ချုပ်ရမယ်။ ကျွဲကူးရင် ရေပါတယ်။
ကာယကံ ၊ ၀စီကံ စောင့်ထိန်းထားတဲ့ အပြင်သီလက အတွင်းစိတ် ပူနေတာကို ငြိမ်းအောင် မလုပ်နိုင်ဘူး ။ အတွင်း သီလ ( စိတ်မနော လုံသွား နိုင်သွားတဲ့သူမှ ငြိမ်းအေးမှာ ။
စာထဲရေးထားတဲ့ သစ္စာတရားတွေ သိအောင်လုပ် ၊ စာနဲ့ စိတ်နဲ့ တစ်ထပ်တည်း ဖြစ်မှ သစ္စာ ( အရိယ သစ္စာ ) ၊ စာနဲ့ စိတ် တစ်ထပ်တည်း မဖြစ်သေးရင် သမုတိသစ္စာ ( လောကီ သစ္စာ ) က မလွတ်သေးဘူး ။
မနောကံက ခြေမရှိ ၊ လက်မရှိနဲ့ ကျူးလွန်နေတာ ။ သိပ်ကြောက်ဖို့ ကောင်းတယ် ။ သံသရာလည်စေတာ မနောကံပဲ ။ သံသရာ ပြတ်ချင်ရင် ကံကိုဖြတ် ။ အစွဲကို ဖြတ် ။ စွဲရင် ကံ ၊ မစွဲရင် ဉာဏ် ။ ကံတွေ စွဲနေသမျှ သံသရာ မပြတ်ဘူး ။ မဆုံးဘူး ။
ဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ၊ သုံးချက်ပြတ်ပဲ ။ မနောဒုစရိုက်တွေ သတ်လိုက်တာနဲ့ ကာယကံ ဒုစရိုက် ၊ ၀စီကံ ဒုစရိုက်တွေ မပြုတော့ဘူး ။ အပြင်စင်ကြယ်သွားရင် အတွင်း စင်ကြယ်တယ် ။ ခန္ဓာ စင်ကြယ်မှ ဉာဏ်စင်ကြယ်တယ် ။ ၀ိပဿနာဆိုတာ ဉာဏ်စခန်း ခေါ်တယ် ။ သမထနဲ့ တင်းတိမ်နေရင် ၀ိဇ္ဇာဓိုရ် ၀ိဇ္ဇာပေါက်ပဲ ဖြစ်မယ် ။ မဂ္ဂင် ရှစ်ပါး လမ်းဆုံးတော့ ဉာဏ်စခန်းရောက်မယ် ။
ကိုရင်ကြီး ရှင်ဝိမလကလည်း " ၀ိပဿနာ အစ သံဝေဂ က...တဲ့ " ဟု လူငယ် ၊ လူရွယ် ၊ လူလတ်ပိုင်း၌ မူးမူးထွေထွေ အမိုက်တိုက်ထဲ မိုက်မဲနေခဲ့သမျှ သူ့အချိန်ကျ၍ ဘ၀ အမှောင် ဖောက်ခွဲ ထွန်းလင်းမည့် အလင်းတန်းကလေး လျှပ်ပြက်သလို ပေါ်ထွန်းလာခဲ့သည် ။ ကြက်သွန်ခင်း စောင့်ဘ၀ တောမီးလောင်ရာမှ ကြွက်ကလေးတွေ ၊ ငှက်ကလေးတွေ ၊ ဖားကလေးတွေ ၊ ရှဥ့်ကလေးတွေ ၊ လိပ်ပြာကလေးတွေ ၊ ဓားတုတ်ကောင် ကလေးတွေရဲ့ သက်တမ်းစေ့ မနေရဘဲ အသေချင်း ထပ်နေသော မရဏဘေး ၊ ဇာတိဘေး ဟူသော သံသရာ ဘေးဆိုးကြီး၏ ကြောက်စရာ ကောင်းလှသည့် သံဝေဂ တရားတို့သည် ၀ိပဿနာ လမ်းသို့ ထွက်မြောက်ရန် ခွန်အားအစစ်များ ဖြစ်လာခဲ့ပါတော့သည်။
ရခဲ့သော သံဝေဂ ဟာ တရားဓမ္မရဲ့ မောင်းနှင်ရေး အားဖြစ်ပြီး ၀င်လေ ထွက်လေ စမှတ်ခဲ့သည် ။ မှတ်စက ကျိုးတိုးကျဲတဲ ၀င်လေ ထွက်လေ ဖွာလန်ကြဲနေသော်လည်း ရွှေကျင်သလို ကျင်ယူခဲ့၍ ၀င် ၀င်မှန်းသိ ၊ ထွက် ထွက်မှန်းသိခဲ့သည် ။ အသိကလေး တစ်ချက် ပေါ်တာနှင့် အေးကနဲ တစ်ချက် ခံစားရသော ၀င်လေ ထွက်လေ ရှုမှတ်ခြင်းသည်ပင် ၀ဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်ရာလမ်း ဖြစ်လာကြောင်း ကိုရင်ကြီး ရှင်ဝိမလမှ ဟောကြားခဲ့ပါသည်။
ခန္ဓာကြီး ဆိုတာ မွေးကင်းစ ကတည်းက အာရုံတွေနဲ့ မွေ့လျော်ခဲ့တာ အမေ့ရင်ခွင် နူးညံ့တဲ့ အထိအတွေ့ ၊ အိပ်ရာခင်းရဲ့ နူးညံ့တဲ့ အထိအတွေ့ ၊ ချော့သိပ်တဲ့ နာပျော်ဘွယ် တေးသီချင်းသံ ၊ ကြည့်မ၀နိုင်တဲ့ ရောင်စုံအရုပ် ၊ ချိုဆိမ့်တဲ့ အစာအာဟာရ ၊ နှစ်သက်ဖွယ် မွှေးရနံ့ ... စတဲ့ အာရုံငါးပါး ကြားက လူလားမြောက်ခဲ့ကြရတော့ ရုပ် ၊ နာမ် ၊ ခန္ဓာကို အာရုံထဲမှ မရုန်းကန်ချင်ကြ ။ အာရုံဆိုသည်မှာ တဏှာက လက်သပ် မွေးထားခြင်း ဖြစ်သည်။ ကိုရင်ကြီး ရှင်ဝိမလက တရားခံကို မိပြီး မသိမှု အ၀ိဇ္ဇာကို ကိစ္စတုံး စီရင်နိုင်ခဲ့ကာ လားရာ ဂတိမှာလည်း လွတ်မြောက်ရာလမ်းဆီသို့ ဦးတည်နေကြောင်း စာရေးသူမှ အားပျော့နေသူ လူအများအတွက် မဂ္ဂင်လမ်းဖောက်၍ အသိဉာဏ်စခန်းပေါက်စေဖို့ " ဘ၀ကြမ်းမှ ဓမ္မလမ်းသို့ " စာအုပ်ဖြင့် မီးမောင်းထိုး အလင်းဆောင်ပြပေးထားပါသည်။

Friday, November 26, 2010
Thursday, November 25, 2010
Wednesday, November 24, 2010
Monday, November 22, 2010
Thursday, November 18, 2010
Tuesday, November 16, 2010
Friday, November 12, 2010
Tuesday, November 9, 2010
Saturday, November 6, 2010
Friday, November 5, 2010
Wednesday, November 3, 2010
Tuesday, November 2, 2010
Subscribe to:
Posts (Atom)